MNL News

MNL-၂ ဂိုးသွင်းဘုရင် ဂျိုးဆက်

Jul 15 , 2017

၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ပြိုင်ပွဲသည် ပွဲစဉ် ၁၉ ပွဲကစားအပြီး၌ ချန်ပီယံစီးတီးရန်ကုန်အသင်း တိုက်စစ်မှုး ဂျိုးဆက်က သွင်းဂိုး ၃၀ အထိ သွင်းယူကာ ဂိုးသွင်းဘုရင်ဆုအတွက် သေချာလျက်ရှိကြောင်း သိရသည်။

၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ် (၁၉)ကို ပြီးခဲ့သည့်ရက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ပြီး စီးတီးရန်ကုန်အသင်းက မြဝတီအသင်းကို ၃ဂိုး-၁ဂိုးဖြင့် အနိုင်ရရှိကာ တိုက်စစ်မှုး ဂျိုးဆက်က အနိုင်ဂိုးတစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့သည်။ ထို့ကြောင့် ဂျိုးဆက်သည် ပွဲစဉ် ၁၉ ပွဲကစားအပြီးတွင် သွင်းဂိုး ၃၀ အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးသွင်းအများဆုံးစာရင်းထိပ်ဆုံးတွင် ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယနေရာမှ မဟာယူနိုက်တက်အသင်း တိုက်စစ်မှုး ဆန်မြူရယ်နှင့် ကိုးဂိုးအထိ ကွာဟကာ ဂိုးသွင်းဘုရင်ဆုကိုရရှိရန် သေချာနေသည်။

ပွဲစဉ် ၁၉ ပွဲအပြီးတွင် ဂိုးသွင်းအများဆုံးစာရင်း၌ ထိပ်ဆုံးတွင် သွင်းဂိုး ၃၀ဖြင့် စီးတီးရန်ကုန်အသင်း တိုက်စစ်မှုး ဂျိုးဆက်၊ အဆင့်(၂) တွင် သွင်းဂိုး ၂၁ ဂိုးဖြင့် မဟာယူနိုက်တက်အသင်း တိုက်စစ်မှုး ဆန်မြူရယ်၊ အဆင့် (၃) တွင် သွင်းဂိုး ၁၄ ဂိုးဖြင့် ဖီးနစ်(က) အသင်း တိုက်စစ်မှုး ဝင်းနိုင်ထွန်း၊ အဆင့် (၄)တွင် သွင်းဂိုး ၁၂ ဂိုးဖြင့် မြဝတီအသင်းတိုက်စစ်မှုး ရဲဝေယံစိုး၊ အဆင့် (၅) တွင် သွင်းဂိုး ၁၁ ဂိုးဖြင့် မြဝတီအသင်း တိုက်စစ်မှုး ကောင်းစည်သူတို့က ထိပ်သီးဂိုးသွင်းသူများအဖြစ် ရပ်တည်လျက်ရှိသည်။

၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ နောက်ဆုံးပွဲစဉ် (၂၀) ကို ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကျင်းပမည် ဖြစ်သည်။ ဇူလိုင် ၁၅ ရက်ပွဲစဉ်များအဖြစ် အောင်ဆန်းအားကစားကွင်းတွင် ဒဂုံနှင့် တက္ကသိုလ်အသင်း၊ သုဝဏ္ဏအားကစားကွင်းတွင် ဖီးနစ်(က) နှင့် မြဝတီအသင်း၊ တက္ကသိုလ်ကွင်းတွင် မြဝတီနှင့် ငွေကြယ်ပွင့်လေးများအသင်း၊ ဇူလိုင် ၁၆ ရက် ပွဲစဉ်များအဖြစ် ပဒုမ္မာအားကစားကွင်း၌ စီးတီးစတားနှင့် ဖုန်ဂန်အသင်း၊ အောင်ဆန်းအားကစားကွင်း၌ မဟာယူနိုက်တက်နှင့် စီးတီးရန်ကုန် အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here