MNL News

မြန်မာ ယူ-၁၅ ထိုင်းနှင့် ယှဉ်ပြိုင်မည်

Jul 17 , 2017

ထိုင်းနိုင်ငံ၌ အာဆီယံ ယူ-၁၅ ချန်ပီယံရှစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသော မြန်မာ ယူ-၁၅ အမျိုးသားအသင်းသည် ဇူလိုင် ၁၇ ရက်တွင် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင် ထိုင်း ယူ-၁၅ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အုပ်စုတက်ရေး အခွင့်အရေးရှိနေသည့်အတွက် အကောင်းဆုံးယှဉ်ပြိုင်မည်ဖြစ်ကြောင်း အသင်းအုပ်ချုပ်သူ ဦးဝင်းသူမိုးက ပြောသည်။

မြန်မာ ယူ-၁၅ အမျိုးသားအသင်းသည် ဇူလိုင် ၁၅ ရက်နေ့က ဩစတြေးလျ ယူ-၁၅ အသင်းနှင့် ယှဉ်ပြိုင်ကစားပြီး ငါးဂိုးပြတ် ရှုံးနိမ့်ခဲ့သည်။ ယင်းကဲ့သို့ ရှုံးနိမ့်ခဲ့သော်လည်း ရလဒ်ကို လက်ခံကြောင်းနှင့် အုပ်စုနောက်ဆုံးပွဲတွင် ထိုင်းအသင်းကို အနိုင်ရရှိပါက အုပ်စုတက်ရေးမျှော်လင့်ချက်ရှိနေ၍ အကောင်းဆုံးယှဉ်ပြိုင်မည် ဖြစ်သည်။

"လူငယ်တွေ ကြိုးစားကြတယ်။ မကြောက်မရွံ့ရှိသမျှအစွမ်းနဲ့ ကစားကြတာမို့ ဒီအရှုံးကို လက်ခံပါတယ်။ ဘောလုံးပွဲသေချာ ကြည့်တတ်သူတိုင်း ဩစတြေးလျအသင်းနဲ့ မြန်မာအသင်း ကွာခြားချက်ကို သိမှာပါ။ ဆက်လေ့ကျင့်၊ ဆက်ကြိုးစားဖို့ပဲရှိပါတယ်။ လက်ကျန်ထိုင်းအသင်းနဲ့ပွဲကိုလည်း အကောင်းဆုံးယှဉ်ပြိုင်ရမှာပါ" ဟု ဦးဝင်းသူမိုးက ပြောသည်။

မြန်မာ ယူ-၁၅ အမျိုးသားအသင်းသည် ဩစတြေးလျအသင်းကို ရှုံးနိမ့်သောကြောင့် နောက်တစ်ဆင့်တက်ရန် ခက်ခဲ သွားပြီဖြစ်သော်လည်း မျှော်လင့်ချက်ရှိနေသေးသည်။ အိမ်ရှင်ထိုင်းအသင်းမှာ လေးပွဲကစား လေးပွဲနိုင် ရမှတ် ၁၂ မှတ်ဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ဒုတိယနေရာတွင် ရမှတ် ကိုးမှတ်ဖြင့် ဩစတြေးလျအသင်းက ရပ်တည်နေကာ တတိယနေရာတွင် မြန်မာအသင်းက ရမှတ် ခုနစ်မှတ်ဖြင့် ရပ်တည်နေသည်။

ထို့ကြောင့် နောက်ဆုံးပွဲစဉ်တွင် ဩစတြေးလျအသင်း ရှုံးပွဲတွေ့ကြုံပြီး မြန်မာအသင်းအနေဖြင့် ထိုင်းအသင်းကို အနိုင်ရရှိပါက တစ်မှတ်အသာဖြင့် အုပ်စုတက်ရန် အခွင့်အရေးအနည်းငယ်ရှိနေသည်။ ဩစတြေးလျအသင်းမှာ နှစ်ပွဲနိုင် နှစ်ပွဲရှုံးရမှတ် ခြောက်မှတ်ရရှိထားသည့် လာအိုအသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

U Myo Thant




<< Back MNL News


Advertisement
Here