MNL News

ဩစတြေးလျနှင့် ခြေစမ်းပွဲကစားမည့် မြန်မာ

Jul 17 , 2017

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှ ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (F)မှ အသင်းများအနက် ဥရောပအခြေစိုက် ကလပ်အသင်းများတွင် ကစားနေသော ကစားသမားများပါဝင်သည့် ဩစတြေးလျ ယူ-၂၃ အသင်းသည် ဇူလိုင် ၁၅ ရက်နေ့က မြန်မာနိုင်ငံသို့ စောစီးစွာရောက်ရှိလာကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ဩစတြေးလျအသင်း ကစားသမားစာရင်းတွင် ဥရောပအခြေစိုက် ကလပ်အသင်းများမှ ကစားသမားငါးဦးဖြစ်သည့် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်အသင်း ဂိုးသမား သောမတ်စ်ဂလိုဗာ၊ အင်္ဂလန် လိဂ်-၂မှ မိုကမ်ဘီအသင်းဂိုးသမား ဒယ်နီရယ်နီဇစ်၊ ဂျာမန်ဘွန်ဒက်လီဂါ(၂)ကလပ် အိမ့်ထရက်ခ်ျအသင်းမှ တိုက်စစ်မှုး မီလိုဆလပ်ပိုပိုဗစ်၊  နယ်သာလန် NEC ကလပ်မှ စတီဖင်မာ့ခ်၊ ဒိန်းမတ်ကလပ် မစ်ဂျေးလန်းအသင်းမှ တိုက်စစ်မှုး မာဘီလ်တို့နှင့် အတူကစားသမား ၂၃ ဦးလိုက်ပါလာကြောင်း သိရသည်။

အာရှ ယူ-၂၃ ခြေစစ်ပွဲ အုပ်စု(F)တွင် အိမ်ရှင်မြန်မာအသင်းအပါအဝင် ဩစတြေးလျ ယူ-၂၃၊ စင်ကာပူ ယူ-၂၃နှင့် ဘရူနိုင်း ယူ-၂၃ အသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဩစတြေးလျ ယူ-၂၃ အသင်းမှာ ပြိုင်ပွဲဝင်အသင်းများအနက် ဇူလိုင် ၁၅ ရက်နေ့တွင် အစောဆုံးရောက်ရှိပြီး ကျန်သည့် စင်ကာပူ ယူ-၂၃ နှင့် ဘရူနိုင်း ယူ-၂၃ အသင်တို့မှာ ဇူလိုင် ၁၇ ရက်တွင် ထပ်မံရောက်ရှိလာမည် ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ယင်းပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁၈ ရက် မွန်းလွဲ၂နာရီတွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ ကျင်းပရန်စီစဉ်ထားပြီး ပြိုင်ပွဲကို ဇူလိုင် ၁၉ ရက်တွင် သုဝဏ္ဏအားကစားကွင်း၌ စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here