Europe News

တူရကီနည်းပြ လူဆက်စကူ

Aug 04 , 2017

ဇင်းနစ်ကလပ်နည်းပြဟောင်း တစ်ဦးဖြစ်သူ လူဆက်စကူမှာ တူရကီလက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ယူတော့မည် ဖြစ်သည်။

တူရကီအသင်းမှ ယခင်နည်းပြ တာရင်မှာ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် နည်းပြတာဝန်မှ နှုတ်ထွက်သွားခဲ့သူ ဖြစ်သည်။

အနောက်ဘက်ကမ်းခြေဒေသ အပန်းဖြေမြို့ကလေးတွင် ဖြစ်ပွားခဲ့သော ထိုကိစ္စတွင် တာရင်နှင့် ဆိုင်ပိုင်ရှင်တို့ ထိုးကြိတ်နေကြသည့် ပုံနှင့် ထိုရန်ပွဲတွင် ပါခဲ့သော အခြား ၅ဦး၏ ပုံများကို ရုပ်/သံမီဒီယာတစ်ခုက လွှင့်တင်ခဲ့ခြင်းကြောင့် လူအများကြားတွင် ပြောဆိုစရာ ဖြစ်ခဲ့ရသည်။

ထို့ကြောင့် တာရင်က တူရကီဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများနှင့်ဆွေးနွေးခဲ့ပြီး နှစ်ဘက် သဘောတူညီမှုဖြင့် နှုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

ယခု တူရကီနည်းပြသစ် လူဆက်စကူမှာ လွန်ခဲ့သော မေလက ဇင်းနစ်အသင်း၏ ထုတ်ပယ်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး အကြောင်းရင်းမှာ လာမည့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချောခဲ့သောကြောင့် ဖြစ်သည်။ လူဆက်စကူမှာ အသက် ၇၂ နှစ်အရွယ် ရိုမေးနီးယားနိုင်ငံသားတစ်ဦးဖြစ်ပြီး ရှက်တာဒိုးနက်အသင်းကို ၂၀၀၄မှ ၂၀၁၆ အထိ ၁၂နှစ်ကြာ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ရှက်တာနှင့်အတူ ယူကရိုန်းအမှတ်ပေး ချန်ပီယံဆု ၈ ကြိမ် ရခဲ့သူ ဖြစ်သည်။

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်ရန် တာဝန်ယူရမည့် လူဆက်စကူအနေနှင့် ခြေစစ်ပွဲအုပ်စုတွင်းတွင် အုပ်စုထိပ်အသင်းနှင့် ၂မှတ်အကွာ အဆင့် ၃တွင် ရှိနေသော တူရကီကို ရလဒ်ကောင်းများရရှိစေရန် ဦးဆောင်ပေးရမည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here