MNL News

မြန်မာအသင်း ခြေစမ်းပွဲတွင် ဂိုးပြတ်နိုင်

Aug 07 , 2017

ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ကာယပညာဦးစီး ဌာနအသင်းနှင့် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ ၉ဂိုး-၁ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းအတွက် အပြီးသတ်ပြင်ဆင်မှုများပြုလုပ်ရန် မန္တလေးနှင့် နေပြည်တော်၌ လာရောက်လေ့ ကျင့်ကာ ခြေစမ်းပွဲများ ကစားနေခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်း သည် ဂျပန်လေ့ကျင့်ရေးခရီးစဉ်၌ ခြေစွမ်းမြင့်မားသည့် အသင်းများနှင့် ကစားခဲ့သောကြောင့် အပြီးသတ်ပြင်ဆင်ရာတွင် ပြည်တွင်းအသင်းများနှင့် ယှဉ်ပြိုင်ကစားခြင်း ဖြစ်သည်။

အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းသည် အမျိုးသမီးပြိုင်ပွဲယှဉ်ပြိုင်နေသည့် အသင်းဖြစ်သော်လည်း  လူ မစုံသောကြောင့် ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ပေ။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ပွဲစကတည်းက ခြေအသာဖြင့် ဖိကစားနိုင်ခဲ့သောကြောင့် အနိုင်ဂိုးများကို ၂၊ ၄၊ ၃၅ မိနစ်တွင် ခင်မိုးဝေ၊ ၁၁၊ ၁၂၊ ၄၄ မိနစ်တွင် နော်အားလိုဝါးဖော၊ ၃၉ မိနစ်တွင် ခင်မာလာထွန်းတို့က သွင်းယူနိုင်ခဲ့သော်လည်း ၃၆ မိနစ်တွင် ချေပဂိုးတစ်ဂိုးပြန်ပေးခဲ့ရသည်။ ဒုတိယပိုင်းတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက ကစားသမား ၁၁ ဦးစလုံး လူစားလဲခဲ့ပြီး နှစ်ဂိုးသာ ထပ်သွင်းနိုင်ကာ မိနစ်၅၀ တွင် ဝင်းသိင်္ဂီထွန်း၊ ၇၇ မိနစ်တွင် ဂျူလိုက်ကျော်တို့က သွင်းယူခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဩဂုတ် ၂ရက်က ကစားခဲ့သည့် ခြေစမ်းပွဲတွင် အကယ်ဒမီ ယူ-၁၄ အမျိုးသား အသင်းနှင့် နှစ်ဂိုးစီ သရေကျခဲ့ပြီး ဩဂုတ် ၁၀ ရက်တွင် ခြေစမ်းပွဲတစ်ပွဲ ထပ်မံကစားမည် ဖြစ်သည်။

U Myo Thant




<< Back MNL News


Advertisement
Here