EPL News

EPL ၂၅ နှစ်ခရီး

Aug 08 , 2017

အင်္ဂလန်ပထမတန်းဘောလုံးပြိုင်ပွဲများကို ပရီးမီးယားလိဂ်အဖြစ် ၁၉၉၂-၉၃ ရာသီမှစ၍ ပြောင်းလဲခေါ်ဝေါ်လာခဲ့ရာ ယခု ၂၀၁၇-၁၈ ရာသီအထိဆိုလျှင် ၂၅ နှစ်ရှိသွားခဲ့ပြီ ဖြစ်သည်။

ထို ၂၅ နှစ်အတွင်း ကစားခဲ့သော ပွဲပေါင်းမှာ ၉၇၄၆ ပွဲရှိခဲ့ပြီး သွင်းယူခဲ့သော ဂိုး ၂၅၇၆၉ ဂိုးဖြစ်ကာ အနီကတ်ပြသရမှုမှာ ၁၄၇၇ ကြိမ်ရှိကြောင်း သိရသည်။

ထို ၂၅ နှစ်အတွင်း EPL သို့ တက်ရောက်ကစားခွင့်ရခဲ့သည့် အသင်း ၄၇ သင်းရှိခဲ့သည်။  ထူးခြားမှုအဖြစ် EPL ဟု နာမည်ပြောင်းပြီးချိန်မှစ၍ ပထမဆုံးအထုတ်ခံရသော နည်းပြမှာ ချဲလ်ဆီးမှ ပေါ်တာဖီးလ်ဖြစ်ပြီး ၂၉ ပွဲ ကိုင်တွယ်ပြီးချိန်(ထိုစဉ်က အသင်း ၂၂ သင်း ကစားခြင်းဖြစ်၍ တစ်ရာသီတွင် ၄၂ ပွဲရှိသည်) ၁၉၉၃ ဖေဖော်ဝါရီ ၃ရက်နေ့တွင် အထုတ်ခံရခြင်း ဖြစ်သည်။ ၁၉၉၄-၁၉၉၅ ရာသီမှာ နည်းပြ အပြောင်းအလဲအများဆုံးဖြစ်ပြီး နည်းပြ ၁၅ ဦး အပြောင်းအလဲဖြစ်ခဲ့ကာ ၈ဦးမှာ ထုတ်ပယ်ခံရခြင်း ဖြစ်သည်။

မန်စီးတီး နည်းပြမန်ချီနီမှာ အသင်းကို ချန်ပီယံဖြစ်စေခဲ့သော်လည်း အထုတ်ခံခဲ့ရသကဲ့သို့ ရေနီယာရီမှာလည်း လက်စတာကို ချန်ပီယံဖြစ်စေခဲ့ပြီး ၉လအကြာတွင် ထုတ်ပယ်ခံခဲ့ရသည်။ ထို့အတူ ချဲလ်ဆီးနည်းပြ မော်ရင်ဟိုမှာလည်း ချန်ပီယံဖြစ်ပြီး ၇လအကြာတွင် ထုတ်ပယ်ခံရပြန်သော နည်းပြတစ်ဦးဖြစ်သည်။

၂၀၁၆-၁၇ အထိ ရာသီတိုင်းတွင် နည်းပြအပြောင်းအလဲဖြစ်မှုမှာ တစ်ရာသီလျှင် ၈.၈၄ အထိ ရှိခဲ့သည်။

၂၅ နှစ်အတွင်း ပရီးမီးယားအသင်းများကို ကိုင်တွယ်ခွင့်ရခဲ့သည့် နည်းပြ ၂၂၁ ဦးရှိပြီး ထိုအထဲမှ ၆၇ ဦးမှာ ယာယီတာဝန်ပေးအပ်ခံရသူ ဖြစ်သည်။

နည်းပြများထဲတွင် သက်တမ်းအကြာဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သော ဖာဂူဆန်မှာ မန်ယူအတွက် ပွဲပေါင်း ၈၁၀ ကိုင်တွယ်ပေးခဲ့သူ ဖြစ်သည်။

၂၅ နှစ်တာ ကာလအတွင်း ပရီးမီးယားပွဲများကို အနည်းဆုံး ၁ပွဲမှစ​၍ ကစားခဲ့ဘူးသူ ကစားသမားပေါင်း ၃၈၃၅ ဦးရှိခဲ့ပြီး နိုင်ငံပေါင်း ၁၁၃ နိုင်ငံမှ ကစားသမားများ ဖြစ်ကြသည်။

၁၉၉၉ ဒီဇင်ဘာ ၂၆ ရက်နေ့ ဆောက်သင်တန်နှင့် ကစားရသော ပွဲတွင် ချဲလ်ဆီးနည်းပြ ဗီယာလီက ဗြိတိသျှနိုင်ငံသား တစ်ဦးမျှမပါသော လူစာရင်းဖြင့် ပွဲထွက်လာခဲ့သည်မှာလည်း ထူးခြားသော မှတ်တမ်းတစ်ခု ဖြစ်သည်။

အဲဗာတန်တိုက်စစ်မှုး ဒန်ကန် ဖာဂူဆန်မှာ အသင်းအတွက် ၂၆၉ ပွဲ ကစားရာတွင် အနီကတ် ၈ ကတ် အပြခံရသဖြင့် ၃၃.၆၂ပွဲတွင် အနီ ၁ကတ်နှုန်းရှိခြင်းကြောင့် အကြမ်းရမ်းဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကာ အာဆင်နယ်၊ မန်စီးတီးသို့တွင် ကစားခဲ့သည့် ဗီအဲရာမှာလည်း ၃၀၇ ပွဲတွင် အနီ ၈ ကတ် ရခဲ့သူ ဖြစ်သည်။ အဲဗာတန်၊ မန်စီးတီး၊ ဗီလာ၊ ကျူပီအာတို့တွင် ကစားခဲ့သူ ရစ်ချတ်ဒန်းမှာလည်း ၄၃၁ ပွဲတွင် အနီ ၈ ကတ် ရှိခဲ့သည်။

အနီကတ် အပြခံရသည့် ရာခိုင်နှုန်းအများဆုံးအသင်းမှာ ဟောလ်စီးတီးဖြစ်ပြီး ၇.၉၁ ပွဲတွင် အနီ ၁ကတ်နှုန်းရှိခဲ့ကာ အဲဗာတန်မှာ ၁၁.၁၈ ပွဲတွင် အနီ ၁ကတ်နှုန်း ရှိခဲ့သည်။

အနီကတ် အပြခံရသည့် ရာခိုင်နှုန်း အနည်းဆုံးအသင်းမှာ အစ်ဆွစ်ခ်ျတောင်းအသင်းဖြစ်ပြီး ၃၃.၆၆ ပွဲတွင်မှ အနီ ၁ကတ် ဖြစ်သည်။

တစ်ရာသီအတွင်း ဂိုးတစ်ရာကျော် သွင်းနိုင်သော အသင်း ၃သင်းသာရှိခဲ့ပြီး ၂၀၀၉-၁၀ တွင် ချဲလ်ဆီးက ၁၀၃ ဂိုး၊ ၂၀၁၃-၁၄ တွင် မန်စီးတီးက ၁၀၂ ဂိုး၊ လီဗာပူးက ၁၀၁ ဂိုး သွင်းယူနိုင်ခဲ့ကြသည်။

တစ်ရာသီအတွင်း ဂိုး ၃၀ ကျော် သွင်းယူနိုင်သော ကစားသမားများမှာ အင်ဒီကိုးလ် ၃၄ ဂိုး(၁၉၉၃-၉၄)၊ ရှီးယားရား ၃၄ ဂိုးနှင့် ၃၁ ဂိုး(၁၉၉၄-၉၅နှင့် ၁၉၉၅-၉၆)၊ ကီဗင်ဖိလစ် ၃၀ ဂိုး(၁၉၉၉-၂၀၀၀)၊ အွန်နရီ ၃၀ ဂိုး(၂၀၀၃-၀၄)၊ စီရိုနယ်ဒို ၃၁ဂိုး (၂၀၀၇-၀၈)၊ ဗန်ပါစီ ၃၀ဂိုး (၂၀၁၁-၁၂)၊ ဆွာရက်ဇ် ၃၁ဂိုး (၂၀၁၃-၁၄)တို့ ဖြစ်ကြသည်။

U Myo Thant




<< Back EPL News


Advertisement
Here