MNL News

မြန်မာနှင့် အင်တာ ခြေစမ်းပွဲသတင်းစာရှင်းလင်းပွဲကျင်းပ

Aug 11 , 2017

အာဆီယံ ယူ-၁၈ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေသော မြန်မာ ယူ-၁၈ အသင်းသည် အင်တာမီလန် ယူ-၁၈ အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲကစားမည့် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ဩဂုတ် ၁၀ ရက်နေ့ မွန်းလွဲ ၂နာရီတွင် ကျင်းပကြောင်း သိရသည်။

အင်တာမီလန် ယူ-၁၈ အသင်းသည် ဩဂုတ် ၁၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ယမန်နေ့ နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော်ခဲ့ကြသည်။

"ဒီခြေစမ်းပွဲက ကျွန်တော်တို့အသင်း အတွက် အကျိုးရှိပါတယ်၊ နိုင်ငံတကာအတွေ့အကြုံရှိပြီး ခြေစွမ်းမြင့်မားတဲ့ အင်တာမီလန်လိုအသင်းနဲ့ ခြေစွမ်းကစားခွင့်ရတာ အခွင့်အရေးတစ်ခုပါပဲ။ ဒီခြေစွမ်းပွဲကနေ ကျွန်တော်တို့အသင်းကို အတွေ့အကြုံကောင်းတွေ ရရှိစေပါတယ်" ဟု မြန်မာ ယူ-၁၈ အသင်းနည်းပြချုပ် မစ္စတာဘန်လာဘီက ပြောသည်။

အင်တာမီလန် ယူ-၁၈ အသင်း၏ နည်းစနစ်ဒါရိုက်တာ ဒန်နီရယ်က "ကျွန်တော်တို့အသင်းမှာ အီတလီလက်ရွေးစင်ကစားသမားတွေအပြင် တခြားနိုင်ငံအသင်းတွေရဲ့ လူငယ်လက်ရွေးစင်ကစားသမားတွေလည်း ပါပါတယ်။ မြန်မာ ယူ-၁၈ အသင်းရဲ့ ခြေစွမ်းကိုတော့ ပြိုင်ပွဲရောက်မှ သိရမှာပါ။ ဒီခရီးစဉ်ကနေ အတွေ့အကြုံကောင်းတွေရရှိမယ်လို့ မျှော်လင့်ပါတယ်" ဟု ပြောသည်။

မြန်မာ ယူ-၁၈ အသင်းနှင့် အင်တာမီလန် ယူ-၁၈ အသင်းတို့သည် သုဝဏ္ဏအားကစားကွင်း၌ ဩဂုတ် ၁၁ ရက်နှင့် ၁၃ ရက်တို့တွင် ခြေစမ်းပွဲ နှစ်ပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး MRTV နှင့် For Sports Channel တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here