Gossips

အပယ်ခံရသော အီရန် ၂ဦး

Aug 11 , 2017

အီရန်လက်ရွေးစင်အသင်းမှ ကစားသမား ၂ဦးမှာ အစ္စရေးကလပ်နှင့် ယှဉ်ပြိုင်ရသည့် ယူရိုပါလိဂ် ခြေစစ်ပွဲတွင် ပြိုင်ဘက်ကလပ်ဘက်မှ ပါဝင်ကစားခဲ့ခြင်းကြောင့် လက်ရွေးစင်အသင်းမှ ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

အီရန်လက်ရွေးစင် အသင်းခေါင်းဆောင်အသက် ၃၃ နှစ်အရွယ် မာဆုဒ်နှင့် အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ကစားသမား ဆာဖီတို့မှာ လွန်ခဲ့သော အပတ်က ယူရိုပါလိဂ်ခြေစစ်ပွဲအဖြစ် အစ္စရေးကလပ် မက္ကာဘီတဲလ်အဗစ်နှင့် ရင်ဆိုင်ရသည့်ပွဲတွင် ၎င်းတို့ ၂ဦး၏ ကလပ်ဖြစ်သော ဂရိကလပ် ပါနီယန်နိစ်အတွက် ပါဝင်ကစားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ၂ဦးမှာ အစ္စရေးတွင် သွားရောက်ကစားရသည့် ပွဲတွင် မပါဝင်ခဲ့ပဲ အိမ်ကွင်းပွဲတွင်သာ ပါဝင်ခဲ့သော်လည်း အီရန်အစိုးရ ပေါ်လစီများနှင့် ငြိစွန်းသည်ဟု ဆိုကာ ပွဲပယ်လိုက်ခြင်း ဖြစ်သည်။

အီရန်မှာ အစ္စရေးကို အသိအမှတ်ပြုထားခြင်း မရှိသကဲ့သို့ အစ္စရေးနှင့် မည်သည့် ကစားနည်းမျိုးနှင့်မျှ ဆက်စပ်ပတ်သက်ယှဉ်ပြိုင်ခြင်း မရှိပေ။

အီရန်အားကစား ဒုဝန်ကြီးက ကစားသမား ၂ဦး ကိစ္စကို နိုင်ငံ ရုပ်/သံမှ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပြီး စီးပွားရေးဆိုင်ရာသဘောတူညီချက်ဖြင့်  အသင်းတစ်သင်းအတွက် အခကြေးငွေယူကာ ကစားခြင်းမျိုးကို ခွင့်ပြုသော်လည်း အသိအမှတ်ပြုထားခြင်းမရှိသည့် အစ္စရေးကဲ့သို့သော နိုင်ငံမျိုးမှ အသင်းတစ်သင်းနှင့် သွားရောက်ရင်ဆိုင်သည့်ပွဲမျိုးတွင် ပါဝင်ခြင်းကိုမူ အီရန်လူမျိုးများက လက်သင့်ခံမည်မဟုတ်ဟု ဒုဝန်ကြီးက ပြောဆိုသွားခဲ့သည်။

အသင်းခေါင်းဆောင်မာဆုဒ်မှာ အီရန်အတွက် ပွဲ ၇၀ ပါဝင်ကစားပေးထားသူဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် အားကိုးခဲ့ရသူတစ်ဦး ဖြစ်သည်။

U Myo Thant




<< Back Gossips


Advertisement
Here