MNL News

မြန်မာအသင်း မလေးရှားနိုင်ငံသို့ထွက်ခွာ

Aug 12 , 2017

မလေးရှားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ အမျိုးသားဘောလုံးပွဲစဉ်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက လေကြောင်းခရီးဖြင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် ကစားသမား ၂၀ ဦး ရွေးချယ်ခဲ့ပြီး နည်းပြချုပ်အဖြစ် ဂတ်ဆီဇီ၊ အုပ်ချုပ်သူအဖြစ် ဦးသန်းတိုးအောင်၊ လက်ထောက်နည်းပြအဖြစ် ဦးကြည်လွင်တို့ လိုက်ပါသွားကြောင်း သိရသည်။

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် အုပ်စု(က)၌ အိမ်ရှင်မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း၊ လာအိုအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ဩဂုတ် ၁၄ ရက်တွင် စင်ကာပူအသင်းနှင့် ပွဲဦးထွက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲ၊ အာရှ ယူ-၂၃ ခြေစစ်ပွဲနှင့် ဂျပန်ကလပ် ရပ်စုကန်ဇိုင်းအသင်းနှင့် ခြေစမ်းပွဲ နှစ်ပွဲယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၁၀ ပွဲ၌ ငါးပွဲနိုင်၊ ငါးပွဲရှုံး ရလဒ် ရရှိထားသည်။

မြန်မာ ယူ-၂၂ အသင်း အပြီးသတ်ကစားသမားစာရင်းတွင် ဂိုး-ဘုန်းသစ္စာမင်း၊ ဆန်းဆက်နိုင်၊ နောက်တန်း- နန်းဝေမင်း၊ ထိုက်ထိုက်အောင်၊ သီဟထက်အောင်၊ နန္ဒကျော်၊ နိုင်လင်းထွန်း၊ ထလမ်ဟပ်ထန်၊ စည်သူအောင်၊ ဟိန်းသီဟဇော်၊ အလယ်တန်း-ရဲရင့်ထွန်း၊ လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ အောင်သူ၊ မောင်မောင်လွင်၊ ရှိုင်းသူရ၊ မောင်မောင်စိုး၊ ရှေ့တန်း-သန်းပိုင်၊ ရွှေကိုနှင့် အောင်ကောင်းမာန်တို့ ပါဝင်ကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here