MNL News

MNL ယူ-၂၁ ချန်ပီယံကို သိန်း ၂၀၀ ချီးမြှင့်မည်

Aug 12 , 2017

၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဩဂုတ် ၁၂ ရက် ညနေ ၃နာရီတွင် ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း၌ ကျင်းပမည်ဖြစ်ပြီး ချန်ပီယံအသင်းကို ငွေကျပ်သိန်း ၂၀၀ ချီးမြှင့် မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ချန်ပီယံဆုရအသင်းကို ဆုဖလားနှင့် ဆုကြေး ငွေကျပ်သိန်း ၂၀၀၊ ဒုတိယဆုရအသင်းကို ဆုကြေး ငွေကျပ်သိန်း ၁၀၀ နှင့် တတိယဆုရအသင်းကို ဆုကြေး ငွေကျပ်သိန်း ၅၀ ချီးမြှင့်မည် ဖြစ်သည်။

လက်ရှိ ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ ပြိုင်ပွဲသည် နောက်ဆုံးပွဲစဉ်တစ်ပွဲသာ ယှဉ်ပြိုင်ရန် ကျန်ရှိသောကြောင့် ရာသီ ပိတ်နောက်ဆုံးပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခြင်း ဖြစ်သည်။

လက်ရှိ မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ လူငယ်အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၅) အပြီးတွင် ဧရာဝတီယူနိုက်တက်အသင်းက ရမှတ် ၅၀ ဖြင့်အမှတ်ပေးဇယားကို ဦးဆောင်ထားသော ချန်ပီယံဖြစ်ရန် အခွင့်အလမ်းများနေပြီး ဒုတိယနေရာတွင် ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၄၇ မှတ်ဖြင့် နောက်ဆုံးပွဲစဉ်အထိ ဖိအားပေးလျက်ရှိသည်။

လိဂ်နောက်ဆုံးပွဲစဉ်များတွင် ဧရာဝတီယူနိုက်တက်အသင်းမှာ ရတနာပုံအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ရှမ်းယူနိုက်တက် အသင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ နှစ်သင်းစလုံးမှာ ဂိုးကွာခြားချက်တူညီနေပြီး ဧရာဝတီ ယူနိုက်တက်အသင်းမှာ သရေတစ်မှတ်ရရှိရုံဖြင့် ချန်ပီယံဆုကို ဆွတ်ခူးနိုင်မည် ဖြစ်သည်။

ထို့ကြောင့် မြန်မာနေရှင်နယ်လိဂ် သမိုင်းတစ်လျှောက် လူငယ်ချန်ပီယံသစ်အဖြစ် ဧရာဝတီယူနိုက်တက်အသင်းက ဆုဖလား ဆွတ်ခူးနိုင်မည်လား၊ ရှမ်းယူနိုက်တက်အသင်းက လက်ရှိချန်ပီယံဘွဲ့ကို ဆက်ထိန်းနိုင်မည်လား စောင့်ကြည့်ရမည်ဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here