MNL News

မြန်မာအသင်း ခြေစွမ်းပွဲတွင် အီတလီအသင်းကို ရှုံးနိမ့်

Aug 12 , 2017

နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၈ အသင်းနှင့် အင်တာမီလန် ယူ-၁၈ အသင်းတို့ ယမန်နေ့ ညနေပိုင်းတွင် ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ အင်တာမီလန်အသင်းက ၄ဂိုး-၂ဂိုးဖြင့် အနိုင်ရရှိသည်။

အာဆီယံ ယူ-၁၈ ပြိုင်ပွဲနှင့် အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ ယူ-၁၈ အသင်းသည် နာမည်ကြီးကလပ် အင်တာမီလန် ယူ-၁၈ အသင်းနှင့် ယှဉ်ပြိုင်ရာတွင် ရှုံးပွဲကြုံတွေ့ခဲ့သော်လည်း ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အဆုံးသတ်အားနည်းခဲ့၍သာ နှစ်ဂိုးဖြင့် ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။

မြန်မာ ယူ-၁၈ အသင်းသည် ဝင်းနိုင်ထွန်း၊ ပြည့်စုံနိုင်၊ ဟိန်းထက်အောင် စသည့်အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး အခွင့်အရေးရရှိသော်လည်း အသုံးမချနိုင်ခဲ့၍ နစ်နာခဲ့ရသည်။ အင်တာမီလန် ယူ-၁၈ အသင်းသည် ဥရောပ ထိပ်သီးအသင်းပီသစွာ ပွဲကို ထိန်းချုပ်ကစားသွားခဲ့ပြီး ၁၇ မိနစ်တွင် ဂိုးစတင်ရရှိခဲ့ကာ သောမတ်စ်ဆာချီယိုက သွင်းယူခဲ့သည်။

အင်တာမီလန်အသင်းအတွက် ဒုတိယဂိုးကို မိနစ် ၂၀ တွင် အန်ဒိုရန်တီက သွင်းယူခဲ့ခြင်း ဖြစ်သည်။ နှစ်ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင် မြန်မာအသင်းပြန်ဖိကစားနိုင်ခဲ့သော်လည်း တိုက်စစ်မှုး ပြည့်စုံနိုင်၏ အနီးကပ် ပိတ်သွင်းမှု၊ နောက်ခံလူ စိုးမိုးကျော်၏ အပိုင်ခေါင်းတိုက်သွင်းယူမှုများ လွဲချော်ခဲ့သောကြောင့် နစ်နာခဲ့ရသည်။ အင်တာမီလန် ယူ-၁၈ အသင်းအတွက် တတိယဂိုးကို ၄၁ မိနစ်တွင် အန်ဒိုရန်တီက သွင်းယူခဲ့သည်။

ဒုတိယပိုင်းအစတွင် မြန်မာအသင်းက တိုက်စစ်ကစားပုံပြောင်းလဲခဲ့သလို ကစားသမားများ အပြောင်းအလဲလုပ်ကာ ကစားအားမြှင့်ခဲ့သည်။ သို့သော် ၅၃ မိနစ်တွင် မြန်မာအသင်း ဂိုးထပ်ပေးခဲ့ရပြီး အီလီယာက သွင်းယူခဲ့သည်။ မြန်မာအသင်း တိုက်စစ်မှုးများဖြစ်သည့် ဝင်းနိုင်ထွန်းနှင့် ပြည့်စုံနိုင်တို့မှာ အင်တာမီလန် ယူ-၁၈ နောက်တန်းကို ဖိအားပေးနိုင်ခဲ့ပြီး ၆၁ မိနစ်တွင် ဝင်းနိုင်ထွန်း၏ ထိုးဖောက်မှုကို နောက်ခံလူတစ်ဦးကြမ်းတမ်းစွာ တားဆီးခဲ့သောကြောင့် ပယ်နယ်တီကန်ခွင့် ရခဲ့သည်။ ယင်းပယ်နယ်တီကို ပြည့်စုံနိုင်က ကန်သွင်းခဲ့၍ မြန်မာအသင်း ပထမချေပဂိုးရရှိခဲ့သည်။ မြန်မာအသင်း ချေပဂိုးရပြီးနောက်ပိုင်း တွင် တိုက်စစ်ပိုမြှင့်လာပြီး ၆၅ မိနစ်တွင် မြတ်ကောင်းခန့်က ဒုတိယချေပဂိုးသွင်းယူခဲ့သည်။

ခြေစမ်းပွဲ ဒုတိယပွဲကို ဩဂုတ် ၁၃ ရက်တွင် ဆက်လက်ကျင်းပမည် ဖြစ်သည်။

U Myo Thant




<< Back MNL News


Advertisement
Here