MNL News

အုပ်စုဗိုလ်ဖြင့်သာ အကြိုဗိုလ်လုတက်မည် မြန်မာ

Aug 14 , 2017

မလေးရှားဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲတွင် အုပ်စုပထမဖြင့် အကြိုဗိုလ်လုပွဲတက်ရောက်ရန် ကြိုးစားမည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းနည်းပြချုပ် ဂတ်ဆီဇီက ပြောသည်။

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၂၂ အသင်းသည် ဩဂုတ် ၁၁ ရက်နေ့ နံနက်ပိုင်းက ရန်က်ုအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မလေးရှားနိုင်ငံသို့ ထွက်ခွာသွားပြီး ဩဂုတ် ၁၄ ရက်တွင် အဖွင့်ပွဲစဉ်အဖြစ် စင်ကာပူအသင်းနှင့် မြန်မာစံတော်ချိန် မွန်းလွဲ ၂နာရီခွဲတွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

"ဒီနှစ်မှာ ဗီယက်နမ်နှင့် ထိုင်းဆိုရင် ဗီယက်နမ်က ပိုတောင့်တင်းတယ်။ တစ်ဖက်အုပ်စုမှာလည်း ဗီယက်နမ်က အုပ်စုဗိုလ်ဖြစ်မယ်လို့ ထင်တယ်။ အဲဒီတော့ ဗီယက်နမ်ကိုရှောင်ချင်ရင်တော့ ကျွန်တော်တို့ အုပ်စုဗိုလ်ဖြစ်အောင် ကစားမှရမယ်။ နောက်တစ်ခုက မြန်မာအသင်းအတွက် အမြဲတမ်းအားပေးနေကြတဲ့ ပရိသတ်တွေဆိုတာက အကောင်းဆုံးတွေပါပဲ။ သူတို့က အကောင်းဆုံးဆိုတာထက်ပိုတဲ့အရာတွေနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပါမယ်" ဟု ဂတ်ဆီဇီက ပြောသည်။

မြန်မာ ယူ-၂၂ အသင်းသည် အုပ်စု(က)၌ အိမ်ရှင်မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း၊ လာအိုအသင်းတို့နှင့် ကျရောက်နေသည်။ အာရှ ယူ-၂၃ခြေစမ်းပွဲ၌ မြန်မာအသင်းက စင်ကာပူအသင်းကို ၂ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိထားသည်။

ထို့ပြင် အိမ်ရှင်မလေးရှားအသင်းနှင့် လည်း ခြေစမ်းကစားခဲ့ပြီး ၂ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ထားသည်။ မြန်မာ ယူ-၂၂ အသင်းအနေဖြင့် အုပ်စုပထမဖြင့် အကြိုဗိုလ်လုပွဲတက်ရောက်နိုင်ရေး အုပ်စုပွဲစဉ်တိုင်း ရလဒ်ကောင်းရန် လိုအပ်မည် ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဩဂုတ် ၁၄ ရက်တွင် စင်ကာပူ၊ ဩဂုတ် ၁၆ ရက်တွင် လာအို၊ ဩဂုတ် ၂၁ ရက်တွင် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင်မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ဆီးဂိမ်းအမျိုးသားဘောလုံး ပြိုင်ပွဲတွင် အုပ်စုတွင်းအသင်းများ ရမှတ်တူညီနေပါက နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုစည်းမျဉ်းဖြင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here