MNL News

ဆီးဂိမ်း အမျိုးသားအဖွင့်ပွဲတွင် မြန်မာအနိုင်ရ

Aug 15 , 2017

ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ပထမနေ့ကို ယမန်နေ့ ညနေပိုင်းတွင် စတင်ကျင်းပရာ မြန်မာအသင်းက စင်ကာပူ အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။

ဆီမီးဖိုင်နယ်တက်ရောက်ရေးအတွက် အရေးပါသည့်ပွဲဖြစ်သဖြင့် မြန်မာအသင်းသည် စင်ကာပူအသင်းကို အနိုင်ရရေးတိုက်စစ်ဖွင့်ကစားခဲ့ရာ တိုက်စစ်မှုးအောင်သူ၏ သွင်းဂိုးများဖြင့် အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲသိပ်မလုပ်ခဲ့ဘဲ စည်သူအောင်၊ အောင်သူ၊ ရန်နိုင်ဦး၊ မောင်မောင်လွင်၊ အောင်ကောင်းမာန်၊ လှိုင်းဘိုဘို၊ ဟိန်းသီဟဇော်၊ သီဟထက်အောင်၊ ထိုက်ထိုက်အောင်၊ နန်းဝေမင်း၊ ဆန်းဆက်နိုင်(ဂိုး)တို့ဖြင့် ပွဲထွက်ခဲ့သည်။

မြန်မာအသင်းသည် ပွဲစကတည်းက ဖိကစားနိုင်ခဲ့သော်လည်း တိုက်စစ်တွင် အချိတ်အဆက်လွဲချော်နေ၍ ထင်တိုင်းမပေါက်ခဲ့ပေ။ ၈ မိနစ်တွင် မောင်မောင်လွင်၏ ကန်သွင်းမှု၊ ၂၅ မိနစ်တွင် အောင်ကောင်းမာန်၏ ခေါင်းတိုင်သွင်းမှုတို့ကို စင်ကာပူ ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။

မြန်မာအသင်းမှာ ဂိုးရရန် ကြိုးပမ်းလာခဲ့ရာ ပထမပိုင်းပြီးခါနီးတွင် အောင်သူက အဖွင့်ဂိုး သွင်းယူခဲ့သည်။ ဒုတိယပိုင်းအစတွင် စင်ကာပူအသင်းက နည်းဗျူဟာအပြောင်းအလဲပြုလုပ်ကာ တိုက်စစ်အားမြှင့်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုအချို့ပြုလုပ်နိုင်ခဲ့သည်။ ၆၃ မိနစ်တွင် မြန်မာအသင်း ဒုတိယဂိုးရခဲ့ပြီး မောင်မောင်လွင်ဖန်တီးပေးသောဘောလုံးကို အောင်သူကပင် ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသ်ငးက အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့သည်။

ယခုပွဲကို အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှုး ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ရန်ကုန်ယူနိုက်တက်အသင်းပိုင်ရှင် ဦးတေဇနှင့် ကလပ်အသင်းပိုင်ရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး နာယက ဦးအောင်ကိုဝင်းက အနိုင်ရသွားသည့် မြန်မာ ယူ-၂၂ အသင်းအား ဆုကြေးဒေါ်လာ ၃၀၀၀၀၊ ရန်ကုန်ယူနိုက်တက်အသင်းပိုင်ရှင် ဦးတေဇက ဒေါ်လာ ၁၀၀၀၀၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် ဒေါ်လာ ၁၀၀၀၀ စုစုပေါင်း ဒေါ်လာ ၅၀၀၀၀ ပေးငအပ်ခဲ့ကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here