MNL News

မြန်မာကစားသမားသုံးဦးကိုပျိုးထောင်လိုသည့် အင်တာနည်းပြ

Aug 15 , 2017

မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခြေစမ်းပွဲအဖြစ် လာရောက်ကစားသော အင်တာမီလန် ယူ-၁၈ အသင်းသည် မြန်မာ ယူ-၁၈ အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲကစားပြီးနောက် မြန်မာ ယူ-၁၈ အသင်းမှ ကစားသမားသုံးဦး၏ ခြေစွမ်းကို သဘောကျ၍ ခေါ်ယူ ပျိုးထောင်လိုကြောင်း အင်တာမီလန် ယူ-၁၈ အသင်းနည်းပြချုပ် ကော်တီက ပြောသည်။

မြန်မာ ယူ-၁၈ အသင်းနှင့် အင်တာမီလန် ယူ-၁၈ အသင်းတို့၏ နောက်ဆုံးခြေစမ်းပွဲကို ဩဂုတ် ၁၃ ရက်နေ့က ယှဉ်ပြိုင်ကစားရာ နှစ်ဂိုးစီသရေရလဒ်ဖြစ်ခဲ့သည်။ ယင်းပွဲစဉ်အပြီးတွင် အင်တာမီလန် ယူ-၁၈ အသင်းမှ အသင်းခေါင်းဆောင် စိုးမိုးကျော်၊ တိုက်စစ်မှုးများဖြစ်သည့် ပြည့်စုံနိုင်နှင့် ဝင်းနိုင်ထွန်းတို့ သုံးဦး၏ခြေစွမ်းမှာ ကမ္ဘာ့အဆင့်အထိပင် ထိုးဖောက်နိုင်ကြောင်း ချီးကျူးခဲ့ပြီး ခေါ်ယူပျိုးထောင်လိုကြောင်း ပြောသည်။

"မြန်မာ ယူ-၁၈ အသင်းက အသင်းကောင်းတစ်သင်းပါ။ ဒီထဲက ကစားသမားသုံးဦးက တကယ်ကောင်းတဲ့ ကစားသမားတွေပါ။ သူတို့ကို သေသေချာချာ ပျိုးထောင်ပေးရင် ကမ္ဘာ့အဆင့်ရှိတဲ့ ကစားသမားတွေ ဖြစ်လာမှာပါ။ အင်တာမီလန်အသင်းမှာ ကစားခွင့်ရတာ၊ မရတာထက် ကျွန်တော့်တစ်ဦးတည်း ဆန္ဒအရပြောရရင် သူတို့သုံးဦးကိုခေါ်ယူပြီး ပျိုးထောင်ပေးချင်ပါတယ်။ ကျွန်တော်က အခုလိုအရည်အချင်းရှိတဲ့ဘယ်ကစားသမားတွေကိုမဆို ပျိုးထောင်ပေးချင်တာပါ" ဟု နည်းပြချုပ် ကော်တီက ပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ကြားမှုဖြင့် ဥရောပအင်အားကြီးကလပ် အသင်းတစ်သင်းဖြစ်သည့် အီတလီစီးရီးအေကလပ် အင်တာမီလန် ယူ-၁၈ အသင်းသည် မြန်မာနိုင်ငံသို့ ပထမဆုံးစလာရောက်ပြီး ခြေစမ်းပွဲနှစ်ပွဲယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်သည်။

U Myo Thant




<< Back MNL News


Advertisement
Here