Article

ယူရို ၂၀၁၆ အသင်းများ

Jun 07 , 2016

ယူရို၂၀၁၆ပြိုင်ပွဲကြီးမှာ လာမည့် ဇွန်လ၁၀ရက်နေ့တွင် စတင်တော့မည်ဖြစ်သည်။ ၂၄သင်း ပါဝင်ယှဉ်ပြိုင်ကြမည့် ထိုပြိုင်ပွဲအတွက် ပါဝင် ခွင့်ရခဲ့သော အသင်းများ၏ ထူးခြားချက်နှင့် နောက်ခံအကြောင်းများကို ဖော်ပြပေးလိုက်ပါသည်။

(၁) ပြင်သစ် (အိမ်ရှင်)

ပြင်သစ်အသင်းမှာ အိမ်ရှင်ဖြစ်သည့်အတွက် ခြေစစ်ပွဲများ ကစားရခြင်းမရှိပေ၊ အုပ်စု(A) တွင် ပါဝင်နေသော ပြင်သစ် အနေနှင့် ခြေစမ်းပွဲများသာ ကစားခဲ့ရပြီး ခြေစမ်းပွဲ ၁၀ပွဲတွင် အင်္ဂလန်တစ်သင်းကိုသာ ရှုံးနိမ့်ကာ ကျန်၉ပွဲကို အနိုင်ရခဲ့သည်။ ပြင်သစ်၏ ဖီဖာအဆင့်မှာ ၁၇ဖြစ်သည်။

(၂) ဘယ်လ်ဂျီယံ

ဖီဖာအဆင့်(၂)ဖြစ်သော ဘယ်လ်ဂျီယံမှာ ခြေစစ်ပွဲအဆင့်တွင် အုပ်စုဗိုလ်စွဲခဲ့ပြီး ရရှိခဲ့သော၂၄ဂိုးတွင် ချဲလ်ဆီးမှ ဟာဇတ်နှင့် မန်စီးတီးမှ ဘရိုင်နီတို့၏ ဂိုး၅ဂိုးစီ ပါဝင်ခဲ့သည်။

(၃) ဂျာမနီ

၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံဂျာမနီမှ ကွင်းလယ်ကစားသမား ခရူးစ်မှာ ခြေစစ်ပွဲများတွင် ဖြတ်တင်ပေးပို့မှုပေါင်း ၁၁၀၀ကျော်ရှိခဲ့ပြီး အခြားအသင်းများမှ ကစားသမားများထက် အကြိမ် ၃၀၀ ကျော် ပိုမိုစွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။ ဂျာမနီမှာ ဖီဖာအဆင့် (၄)ဖြစ်သည်။

(၄) စပိန်

ယူရို ၂၀၁၂ ချန်ပီယံစပိန်မှာ ဖီဖာ အဆင့်(၆)ဖြစ်ပြီး ခြေစစ်ပွဲ ၁၀ပွဲတွင် ၉ပွဲနိုင်ခဲ့ကာ ၈ပွဲဆက်တိုက် ပေးဂိုးမရှိ စံချိန်တင်ထားသော အသင်းဖြစ်သည်။

(၅) ပေါ်တူဂီ

ယခု ယူရို ၂၀၁၆ပြိုင်ပွဲတွင် စီရိုနယ်ဒို ဂိုးသွင်းနိုင်ခဲ့ပါက ယူရိုပြိုင်ပွဲကြီး ၄ခုဆက်တိုက် ဂိုးသွင်းနိုင်သော ပထမကစားသမားအဖြစ် စံချိန်တင်မည်ဖြစ်ပြီး ယူရို ၂၀၁၆တွင် လေးဂိုး သွင်းနိုင်ခဲ့ပါက ယူရိုပြိုင်ပွဲကြီးများတွင် ဂိုးအများဆုံး စံချိန်တင်ထားသော ပြင်သစ်မှ ပလာတီနီ(UEFA ဥက္ကဋ္ဌဟောင်း) ၏ ၉ဂိုး စံချိန်ကို ကျော်ဖြတ်သွားနိုင်မည်ဖြစ်သည်။

ပေါ်တူဂီ၏ ဖီဖာအဆင့်မှာ(၈)ဖြစ်သည်။

(၅) ဩစတြီးယား

ယူရို ၂၀၀၈တွင် အိမ်ရှင်ဖြစ်၍သာ ကစားခွင့်ရခဲ့ပြီး ထိုစဉ်က ဖီဖာအဆင့် (၁၀၅)တွင်သာ ရှိခဲ့သော ဩစတြီးယားမှာ ယူရို ၂၀၁၆ ခြေစစ်ပွဲ များတွင် ၁၀ပွဲလုံး ရှုံးပွဲမရှိ ကစားနိုင်ခဲ့ကာ ဖီဖာ အဆင့်(၁၀)သို့ ရောက်ရှိခဲ့သည့် အသင်းဖြစ်သည်။

(၇) အင်္ဂလန်

ကမ္ဘာ့ဖလား ရဖူးသော်လည်း ဥရောပချန်ပီယံမဖြစ်ဖူးသည့် တစ်ခုတည်းသော အသင်းမှာ အင်္ဂလန်ဖြစ်သည်။ ယူရို ၂၀၁၆တွင် ပျှမ်းမျှ အသက်အငယ်ဆုံးအသင်းအဖြစ်  မှတ်တမ်းဝင်ထားသော အင်္ဂလန်မှာ ခြေစမ်းပွဲ ၁၀ပွဲလုံး အနိုင်ရရှိခဲ့သည်။ ဖီဖာ အဆင့် (၁၁) ဖြစ်သည်။

(၈) အီတလီ

ယူရို ၂၀၁၂ ဖိုင်နယ်တွင် စပိန်ကို လေးဂိုးပြတ်ဖြင့် ရှုံးခဲ့သည်မှာ ယူရိုပြိုင်ပွဲနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲများတွင် ဂိုးအပြတ်ဆုံးအဖြစ် စံချိန်တင်ခဲ့သည်။

ဖီဖာ အဆင့် (၁၂)ဖြစ်သော အီတလီမှာ ယူရို ၂၀၁၆ပြိုင်ပွဲတွင် ရှုံးပွဲမရှိခဲ့ပေ။

(၉) ဆွစ်ဇာလန်

ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသော ယူရိုပြိုင်ပွဲကြီး ၃ခုတွင် ဆွစ်ဇာလန်မှာ အုပ်စု နောက်ဆုံးအသင်းများတွင်သာ ရပ်တည်နိုင်ခဲ့ပြီး  ယူရို ၉၆၊ ယူရို ၀၄နှင့် ယူရို၀၈တို့တွင် ၉ပွဲ ကစား ၆ပွဲရှုံး၊ ၂ပွဲသရေ ၁ပွဲနိုင် ရလဒ်သာ ရှိခဲ့သည့် အသင်းဖြစ်သည်။ လက်ရှိတွင် ဖီဖာ အဆင့်(၁၅)ဖြစ်သည်။

(၁၀) တူရကီ

ဖီဖာ အဆင့် (၁၈)ဖြစ်သော တူရကီအသင်းမှာ ၀င်ပြိုင်ခွင့်ရခဲ့သည့်ပွဲများတွင် အဆင့်ဆင့် တိုးတက်လာနိုင်သော အသင်းဖြစ်ပြီး ယူရို ၉၆ တွင် အုပ်စုအဆင့်သာ ရှိခဲ့ရာမှ ယူရို ၂၀၀၀တွင် ကွာတား၊ ယူရို ၂၀၀၈တွင် ဆီမီးအဆင့်တို့သို့ ရောက်လာနိုင်သော အသင်းဖြစ်သည်။

(၁၁) ယူကရိုန်း

ဖီဖာ အဆင့် (၁၉)ဖြစ်သော ယူကရိုန်းအသင်းမှာ ကမ္ဘာ့ဖလား ၀င်ခွင့်နှင့် ယူရိုပြိုင်ပွဲဝင်ခွင့်တို့အတွက် Play-Off ၅ကြိမ် ကစားခွင့်ရခဲ့ရာတွင် ၅ကြိမ်လုံး ရှုံးခဲ့ပြီး ယခု ယူရို ၂၀၁၆ အတွက် Play-Off ကစားခွင့်ကျမှသာ စလိုဗေးနီးယားကို နှစ်ကျော့ပေါင်း ၃း၁ဖြင့်  နိုင်ကာ ခြေစစ်ပွဲအောင်ခဲ့သော အသင်းဖြစ်သည်။

(၁၂) ဟန်ဂေရီ

Play-Off မှတစ်ဆင့် ၀င်ခွင့်ရခဲ့သော ဟန်ဂေရီမှာ ဖီဖာ အဆင့်(၂၀)ဖြစ်ပြီး အသက် ၄၀ ရှိပြီဖြစ်သည့် ဂိုးသမား ကီရာလီအနေနှင့် ယူရိုပြိုင်ပွဲ များတွင် ၀င်ကစားသည့် အသက်အကြီးဆုံး ဂိုးသမားအဖြစ် မှတ်တမ်းဝင်လိမ့်မည်ဖြစ်သည်။

(၁၃) ရိုမေးနီးယား

ယူရိုပြိုင်ပွဲကြီးများတွင် စုစုပေါင်း ၁၃ပွဲ ကစားခဲ့ဘူးသော ရိုမေးနီးယားမှာ  ယူရို ၂၀၀၀တွင် အင်္ဂလန်ကို နောက်ဆုံးမိနစ် ပယ်နယ်တီနှင့် အနိုင်ရကာ ကွာတားအဆင့်သို့ ရောက်ခဲ့ဘူးသော အသင်းဖြစ်သည်။

(၁၄) စလိုဗက်ကီးယား

ကမ္ဘာ့အဆင့် ၂၄ဖြစ်သော စလိုဗက်ကီးယားမှာ စပိန်ပါဝင်သော ခြေစစ်ပွဲ အုပ်စုအဆင့်တွင် အုပ်စု ဒုတိယရခဲ့သော  အသင်းဖြစ်သည်။

(၁၅) မြောက်အိုင်ယာလန်

ဖီဖာ အဆင့် (၂၅)ဖြစ်သော်လည်း ယူရိုပြိုင်ပွဲကြီးသို့ ပထမဆုံး ၀င်ခွင့်ရခဲ့သော အသင်းဖြစ်ပြီး ခြေစစ်ပွဲများတွင် ရှုံးပွဲတစ်ပွဲသာ ရှိခဲ့ကာ အုပ်စု ဗိုလ်စွဲခဲ့သည့်အသင်းဖြစ်သည်။

(၁၆) ဝေလ

ဝေလအသင်း၏ ခြေစစ်ပွဲများတွင် ရခဲ့သောဂိုးများ၏ ၆၄%ကို ဂါရက်ဘေးလ်က သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ခြေစစ်ပွဲ ၀င်အသင်းများထဲတွင် အသင်းရသည့်ဂိုးများ၏ ရာခိုင်နှုန်းအများဆုံး သွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။

(၁၇) ခရိုအေးရှား

နောက်ဆုံးအဆင့် ယူရိုပြိုင်ပွဲကြီးသို့ ၄ကြိမ် ဆက်တိုက် ၀င်ခွင့်ရခဲ့သော အသင်းဖြစ်ပြီး ယူရို ၉၆နှင့် ယူရို ၀၈တို့တွင် ကွာတားဖိုင်နယ် အထိ ရောက်ရှိခဲ့ကာ လက်ရှိ ဖီဖာ အဆင့်(၂၇) ဖြစ်သည်။

(၁၈) ပိုလန်

ခြေစစ်ပွဲအဆင့်တွင် သွင်းဂိုး ၃၃ဂိုးရှိခဲ့ပြီး သွင်းဂိုးအများဆုံးအသင်းအဖြစ် စံချိန်တင်ခဲ့ကာ လီဝန်ဒေါစကီးက ၁၃ဂိုးသွင်းပြီး ခြေစစ်ပွဲများတွင် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့သည်။ ဖီဖာ အဆင့်(၂၇)ဖြစ်သည်။

(၁၉) ရုရှ

မွန်တီနီဂရိုးနှင့် ဂိုးမရှိသရေကျနေစဉ် ပရိသတ်များ သောင်းကျန်းခဲ့၍ ပွဲဖျက်ခဲ့ရပြီး ရုရှက ၃းဝဖြင့် အနိုင်ရကြောင်း ဆုံးဖြတ်ပေးခြင်းခံခဲ့ ရသော အသင်းဖြစ်သည်။

ထို့ကြောင့် ဆွီဒင်ထက် ၂မှတ်အသာစီးရကာ အုပ်စုဒုတိယဖြင့် ခြေစစ်ပွဲတိုက်ရိုက် အောင်ခဲ့ရသည်။

လက်ရှိ ဖီဖာ အဆင့် (၂၉) ဖြစ်သည်။

(၂၀) ချက်

ယူရို ၂၀၁၆ ခြေစစ်ပွဲအောင်ခဲ့သည့် အသင်းများထဲတွင် ပွဲတိုင်းဂိုးပေးခဲ့ရသည့် တစ်ခုတည်းသော အသင်းမှာ ချက်အသင်းဖြစ်သည်။

(၂၁) အိုင်ယာလန်

ဖီဖာ အဆင့် (၃၃) ဖြစ်သော အိုင်ယာလန်မှာ အင်္ဂလန်နှင့် ဆန့်ကျင်ဘက်အနေအဖြစ် ယူရို ၂၀၁၆ ပြိုင်ပွဲဝင်အသင်းများထဲတွင် အသက် အကြီးဆုံးအသင်းဖြစ်သည်။

ကစားသမားများ၏ ပျှမ်းမျှအသက်မှာ ၂၉နှစ် ၂၉၇ရက်ဖြစ်ပြီး လက်ရွေးစင်ပွဲ တစ်ရာကျော် ကစားဘူးသူ ၃ဦး ပါဝင်နေဆဲဖြစ်သည်။

ဂိုးသမား ဂစ်ဗင်မှာ အသက် ၄၀ရှိနေပြီဖြစ်သည်။ သူ့ထက်အသက်ကြီးသူမှာ ဟန်ဂေရီ ဂိုးသမား ကီရာလီဖြစ်သည်။

(၂၂) အိုက်စလန်

ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲ အဆက်ဆက်တွင် ခြေစစ်ပွဲအောင်ခဲ့သော အသင်းများထဲတွင် လူဦးရေ အနည်းဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဖီဖာ အဆင့် (၃၄)ရှိ အိုက်စလန်မှာ လူဦးရေ ၃၃၀၀၀၀ သာရှိသောနိုင်ငံဖြစ်သည်။

(၂၃) ဆွီဒင်

နာမည်ကျော် တိုက်စစ်မှုး အီဘရာဟင်မိုဗစ်မှာ ခြေစစ်ပွဲများတွင် အသင်းအတွက် ၁၁ဂိုးသွင်းယူပေးခဲ့ပြီး အခြားသူများ သွင်းဂိုးမှာ ၈ဂိုး သာ ဖြစ်သည်။

(၂၄) အယ်လ်ဘေးနီးယား

ဖီဖာ အဆင့်(၄၂)ဖြစ်ပြီး ခြေစစ်ပွဲအောင် အသင်းများထဲတွင် ဂိုးပေါက်တည့်မှု ၂၈ကြိမ်ဖြင့် ဂိုးပေါက်တည့်မှု အနည်းဆုံး အသင်းဖြစ်ပြီး ခြေ စစ်ပွဲ ၁၀ပွဲတွင် ၁၀ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

U Myo Thant

<< Back Article


Advertisement
Here